NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

လွဲမှားခဲ့သော ကျွန်တော့်ရဲ့အတွေးများ

၁၂-၁၀-၂၀၁၀ (အင်္ဂါနေ့) မိုးလေးတွေ တစ်ဖွဲဖွဲရွာသောနေ့ (သို့မဟုတ်) မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးဖို့အတွက် ပထမခြေလှမ်းဖြစ်တဲ့ ရွေးကောက်ပွဲကိုကျင်းပနိုင်ဖို့အတွက် ပြည်ပမှာရှိတဲ့ မဲထည့်ခွင့်ရှိသော နိုင်ငံသားများထဲမှာ ကျွန်တော်တို့လည်းအပါဝင်တစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့ကျောင်းမှာရှိတဲ့ကျောင်းသားတွေ ကြိုတင် မဲသွားထည့်ရသော နေ့တစ်နေ့ဖြစ်ပါတယ်...ရုရှားနိုင်ငံမှာ ၀န်ထမ်းကျောင်းသားတွေပဲရှိတာကြောင့် ဒီ မဲသွားထည့်တဲ့အခါမှာ လွတ်လပ်မှုရှိပါ့မလား ကိုယ်ပိုင်လွတ်လပ်စွာနဲ့ မဲထည့်ခွင့်ရှိပါ့မလား အထက်က ဘာ pressure တွေပေးမှာလဲ ဘာတွေ မိန့်ခွန်းတွေ သြ၀ါဒတွေ ချွေအုံးမှာလည်းဆိုပြီး တစ်ချိန်လုံးတွေးနေမိခဲ့တယ်...

မဲမပေးခင်မှာ အားလုံးစုပေါင်းပြီး ဘယ်ပါတီက ဘယ်လိုကောင်းကြောင်း အစိုးရပါတီလို့ပြောလို့ရတဲ့ ကြံ့ခိုင်ရေးပါတီရဲ့အကြောင်းတွေကိုပဲပြောပြီး မင်းတို့ဟာ နိုင်ငံ့ဝန်ထမ်းတွေဖြစ်တယ် ဒီတွက်နိုင်ငံတော်က ဖွဲ့စည်းပေးထားတဲ့ ကြံ့ခိုင်ရေး ပါတီကိုပဲ မဲထည့်သင့်တယ် မဲထည့်ရမယ် စသဖြင့် အတွေးများစွာနဲ့ ဒီလိုပဲ သူတို့ သံရုံးက ပြောပါ့မလား လုပ်ပါ့မလားလို့ ရှုပ်ထွေးစွာနဲ့ တွေးမိသေးတယ်...

ဒီလိုတွေးရင်းနဲ့ မဲထည့်ဖို့သံရုံးကိုရောက်တဲ့အခါမှာ မိမိတို့ တိုင်းနဲ့ပြည်နယ်အလိုက် အစဉ်လိုက်ခေါ်ပြီး မဲမထည့်ခင်မှာ ဘယ်ပုံစံတွေဖြည့်စွပ်ရမယ် ဘယ်လိုထည့်ရမယ်ဆိုတာတွေကိုပြောပြပြီး မိမိကြိုက်နှစ်သက်တဲ့ပါတီကိုကို စိတ်ကြိုက်ရွေးချယ်ပေးနိုင်ကြောင်းပြောပြပြီးတဲ့အခါမှာ အားလုံးက မဲစာရွက်လေးတွေကို ကိုယ်စီယူပြီး လွတ်လပ်စွာနဲ့ မိမိကြိုက်နှစ်သက်တဲ့ ပါတီကိုပေးပြီး မိမိကိုယ်တိုင် မဲစာရွက်ကိုခေါက်ပြီး စာအိတ်ထဲထည့်ပြီး သေချာလုံခြုံအောင် ကော်များများနဲ့ကတ်ပြီး မဲပုံးထဲကိုထည့်ပေးလိုက်တယ်..

ဒီလိုထည့်နေတဲ့အချိန်မှာ သက်ဆိုင်ရာက ဘယ်သူများလာပြီး စောင့်ကြည့်နေမလဲ တစ်ခုခုပြောမလဲ နောက်ပြောင်သလိုလိုနဲ့ ကြံ့ခိုင်ရေးကိုများ မင်းတို့ထည့်ကြ အားပေးကြလို့များ ပြောလေမလားလို့ မသင်္ကာမျက်လုံးလေးနဲ့ မဲထည့်နေတဲ့နေရာ ပတ်ဝန်းကျင်ကို ကြည့်မိလိုက်ပါသေးတယ် နားလည်းစွန့်ထားမိပါသေးတယ်...ဘယ်သူမှ ဘာမှမပြောသလို ဘာ pressure မှမပေးပဲ လွတ်လပ်ပျော်ရွှင်စွာနဲ့ မဲထည့်နေကြတဲ့ သူငယ်ချင်းတွေရဲ့အသံတွေပဲ ကြားနေရပါတော့တယ်...လွဲမှားမှုတွေမရှိအောင် စောင့်ကြည့်ပေးတဲ့ သက်ဆိုင်ရာက လူကလည်း ဘာမှမပြောပဲ ပြုံးပြုံးကြီးပဲ ကြည့်နေလေရဲ့...

မဲထည့်ပြီးလို့ အပြန်လမ်းမှာ တွေးပြီး ပြုံးမိနေတယ် ငါထင်နေခဲ့တဲ့ အတွေးတွေက လက်တွေ့မှာ တစ်ခြားစီပါလားလို့ တွေးပြီးပြုံးနေမိတယ်... လွတ်လပ်မှုမရှိဘူး ၀န်ထမ်းတွေဖြစ်လို့ ကြံ့ခိုင်ရေးကိုပဲ ပေးရမယ်ဆိုတဲ့ အပြောတွေ အသံတွေဟာ ကျွန်တော့်အတွက်တော့ ဆန့်ကျင်ဘက်ဖြစ်သွားလေပြီ... နိုင်ငံသားတစ်ယောက်အနေနဲ့ မိမိတို့ပြည်သူနဲ့ တိုင်းပြည်ကို ခေါင်းဆောင်ကြမယ့် ခေါင်းဆောင်အဖွဲ့စည်းတွေကို လွတ်လပ်စွာ ရွေးချယ်ပေးနိုင်ခဲ့ပြီ...

နိုင်ငံသားတစ်ယောက်ရဲ့ မဲထည့်ရမယ့် တာဝန်ကျေပွန်သွားပြီ တာဝန်တွေဆက်လက်ကျန်ရှိနေတာကတော့ ပြည်သူက ရွေးချယ်ပေးလိုက်တဲ့ ခေါင်းဆောင်တွေဟာ မိမိတို့ကိုခေါင်းဆောင်အဖြစ်ရွေးချယ်ပေးလိုက်တဲ့ နိုင်ငံနဲ့ပြည်သူကို အမှန်တကယ် စစ်မှန်တဲ့ စိတ်ရင်းစေတနာတွေနဲ့ ပြန်လည်ပြီး အကျိုးပြုနိုင်တဲ့ နိုင်ငံခေါင်းဆောင်တွေ အဖြစ်ထမ်းဆောင်ကြဖို့ပဲ ကျန်ပါတော့တယ်...

ကျွန်တော်တို့လိုပဲ ပြည်တွင်းမှာရှိကြတဲ့ ပြည်သူတွေလည်း လာမည့် ရွေးကောက်ပွဲနေ့မှာ ဒီလိုပဲ လွတ်လပ်စွာနဲ့ မဲထည့်နိုင်ကြမယ် တရားမျှတစွာနဲ့ မဲရေတွက်နိုင်မယ် မဲနဲ့ပတ်သတ်ရင် အားလုံး Free and Fair ဖြစ်မယ်လို့ ယုံကြည်မိပါတယ်...ဘာကြောင့် ယုံကြည်ရတာလည်းဆိုရင် ကျွန်တော်တို့လို ၀န်ထမ်းတွေပဲရှိကြတဲ့ နေရာမှာတောင်မှ လွတ်လပ်စွာမဲပေးနိုင်ရင် လူမျိုးပေါင်းစုံ အဖွဲ့စည်းပေါင်းစုံနဲ့လုပ်ကြ ပေးကြမယ့် ရွေးကောက်ပွဲနေ့ဟာ ပိုပြီး လွတ်လပ်နိုင်မယ်လို့ ယုံကြည်မိတာပါ...

ကျွန်တော့်လိုပဲ မဲမထည့်ခင်မှာ လွဲချော်နေတဲ့အတွေးများ အစွန်းရောက်နေတဲ့အတွေးများ ရှိခဲ့ရင်လည်း မိမိသွားထည့်တဲ့အခါမှာ ဒီလွဲချော်နေတဲ့အတွေးများ အစွန်းရောက်နေတဲ့အတွေးများဟာ လက်တွေ့မှာ ဆန့်ကျင်ဘက် တစ်ခြားစီပါပဲဆိုတာ သိလာပါလိမ့်မယ်...ဒီမိုကရေစီ စနစ်ကိုမြတ်နိုးသူတိုင်း နိုင်ငံသားတိုင်းအားလုံး နိုင်ငံသားတစ်ယောက်ရဲ့တာဝန်တစ်ခုကို ကျေပွန်စွာထမ်းဆောင်ရင်းနဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို အတူလက်တွဲ တည်ဆောက်သွားကြမည်။

6 comments:

တေလေ said...

ကျုပ်ကတော့  စစ်အာဏာရှင်တွေကို အင်မတန်မှသောက်မြင်ကပ် နေတာပါ။ တစ်ခုတော့ ရှိတာပေါ့  စစ်သားပီသတဲ့  တပ်မတော်သားတွေကိုတော့ လေးစားပါတယ်။ ခင်ဗျားတို့ မဲထည့်တော့  လွတ်လပ်စွာပဲထည့်ရတယ်၊ဘယ်သူမှဘာမှမပြောဘူး၊စောင့် ကြည့်တဲ့ သူမရှိဘူးဆိုတာတွေက ခင်ဗျားတို့ တွေ ဘယ်ပါတီကိုမဲထည့်မှာပဲ ဆိုတာကိုသေချာဘောက်သိနေလို့ ရောမဖြစ်နိုင်ဘူးလား။ကျုပ်ရန်စကားလာပြောတာမဟုတ်ဘူးနော်။ ကျုပ်အမြင်ကိုပြောကြည့်တာပါ။

နိုင်ကို said...

အများစုက မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်ထည့်ကြတာပါ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ကြသလို ပါတီတစ်ခုတည်းကိုပဲ ပေးတာမရှိပါဘူး...အမျိုးမျိုးအဖုံဖုံပေးခဲ့ကြတာကို ကြားသိရပါတယ်...

အဓိက ကျွန်တော်တို့ Voter တွေလွတ်လပ်စွာနဲ့ မဲထည့်နိုင်ဖို့ပဲ အဓိကလို့ ကျွန်တော်မြင်တယ်...သူတို့ဘက်က ဘယ်လိုစိတ်ထားမျိုးနဲ့လုပ်ပေး လုပ်ပေးပေါ့...

Anonymous said...

ကျမဆီကိုတော့ သံရုံးကနေ စာလည်းမလာခဲ့သလို၊ဖုန်းလည်းမလာခဲ့ပါဘူး။ တခြားသူငယ်ချင်းတွေဆီကိုတော့လာခဲ့ပါတယ်။အဲဒီအတွက် ကျမ ကြိုတင်မဲသွားမထည့်နိုင်ခဲ့ပါဘူး။ နိုဝင်ဘာလ ၆ရက်နေ့ညက မြန်မာပြည်က အိမ်ကို ဖုန်းဆက်တော့ ကျမတို့ရပ်ကွက်က ရပ်ကွက်လူကြီးတွေက မဲထည့်ဖို့လာပြောရင်းနဲ့ ကျမ အတွက်ကတော့ ကျမနေနေတဲ့ နိုင်ငံ သံရုံးကနေ တဆင့်ရောက်နေပါပြီလို့ ပြောကြောင်းကျမ အိမ်ကပြောပါတယ်။ ကျမ တော်တော်အံ့သြသလို ဒေါသထွက်မိခဲ့ပါတယ်။ ဒါဟာအဖြစ်မှန်ပါ။ ကျမ က ကျမတိုင်းပြည်ကိုချစ်သလို ကျမ တိုင်းပြည်ကို မစွန့်ခွာနိုင်လို့ တနှစ်တခေါက်တော့ မရရအောင်ပြန်ပါတယ်။ပြန်တိုင်းလည်း သံရုံးကိုသွားပြီး အခွန်ပေးဆောင်ပြီးမှပြန်လို့ရခဲ့တာပါ။ ကျမ ခုဆိုရင် အခွန်ဆောင်လာခဲ့တာ ကျောင်းသားဘ၀က လွဲလို့ ကျန်တဲ့ကာလတွေအားလုံးအတွက် ဆောင်ခဲ့တဲ့ ပမာဏဆိုရင် ကျပ် ၉၆သိန်း ကျော်ပါပြီ။နိုင်ငံတော်အခွန်ထမ်းနေတဲ့ သူပါ။ ဒါပေမဲ့ ဘာအခွင့်အရေးမှ မရခဲ့သလို၊ယူလည်းမယူခဲ့ပါဘူး။ ခုလက်ရှိနေထိုင်နေတဲ့ နိုင်ငံရဲ့နိုင်ငံသားအဖြစ်နဲ့ လျှောက်ရင်တောင်ရနေနိုင်တဲ့ အခြေအနေမှာ ကိုယ့်နိုင်ငံကို ကိုယ်ချစ်လို့ ၂ နိုင်ငံလုံးမှာ အခွန်ဆောင်ပြီးနေနေခဲ့တာပါ။ ဒါပေမဲ့ ဒီတခေါက် မဲကိစ္စမှာ မလုပ်လောက်ဖူးလို့တွေးခဲ့မိတာပါ။ ဒါပေမဲ့ အရင်တခေါက်လိုပါပဲ။ ဘာမှ မထူးခြားလာတော့ တော်တော်လေးကို စိတ်ဓာတ်ကျမိပါတယ်။ ၂၀၀၇တုန်းကတော့ ကျမကို ဖုန်းနဲ့ လှမ်းခေါ်၊စာပို့ လုပ်ခဲ့ပါတယ်။ကျမ အလုပ်ခွင့်မရလို့ မသွားနိုင်ခဲ့ပေမဲ့လည်း ကျမ အတွက်ကတော့ ကျမရပ်ကွက်ကိုရောက်သွားခဲ့သလို၊ရပ်ကွက်ကလည်း ကျမ နိုင်ငံခြားရောက်နေတဲ့အတွက် သူတို့ဘာသာသူတို့ထည့်လိုက်ပါပြီတဲ့။ အဲဒီလိုဖြစ်ရပ်တွေရှိနေသမျှ မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မလား တွေးကြည့်တာနဲ့ သိနိုင်ပါတယ်။ ကျမ ဘယ်သူ့ကိုမှ မမုန်းသလို ဘယ်သူ့ကိုမှ မပုတ်ခတ်ပါဘူး။ ဒါပေမဲ့ ပြည်သူတွေအားလုံးမှာလည်း အမှား၊အမှန် ဝေဖန်ပိုင်းခြားနိုင်ရမယ်။ အုပ်ချုပ်သူတွေကလည်း တရားမျှတတဲ့ နည်းလမ်းနဲ့ အုပ်ချုပ်သင့်ပါတယ်။ စစ်တပ် အုပ်ချုပ်လို့ စစ်တပ်ထဲက စစ်သားတွေကိုမမုန်းသင့်သလို၊ စစ်တပ်ကလည်း ပြည်သူကို ကိုယ်နဲ့ တသားထဲမှာထားပြီး မှန်တဲ့ ဘက်က ကာကွယ်ပေးမယ်ဆိုရင် မြန်မာပြည်ကြီး ခုလောက် စိတ်ညစ်စရာတွေများမယ်မထင်ဘူး။ အရေးအကြီးဆုံးက ဘယ်သူမဆို ကိုယ့်သမိုင်းမှာ ကိုယ့်လိပ်ပြာကိုယ်လုံဖို့က အရေးအကြီးဆုံးပါ။ ကျမတို့နိုင်ငံကြီးမှာ အားလုံးပြည့်စုံခဲ့ရဲ့သားနဲ့ အချင်းချင်းစည်းလုံးမှုတွေပြိုကွဲနေရလို့ ဒုက္ခတွေ ဝေနေရတာပါ။ ကျမ သူငယ်ချင်းတွေထဲမှာ တပ်ထဲက သူတွေအများကြီးရှိပါတယ်။ သူတို့ ခေါ်သွားလို့ ကျမ သူတို့ တပ်တွေကိုလည်းရောက်ဖူးခဲ့ပါတယ်။ လေ့လာကြည့်မိသလောက် အနေဆင်းရဲ အစားဆင်းရဲ နေနေကြရတဲ့ သူတွေအများကြီးတွေ့ရပါတယ်။ တကယ့်တကယ်က လက်တဆုတ်စာလူတစုနဲ့ သူတို့ကို ပင်းပြီး စီးပွားလုပ်စားနေတဲ့ သူတွေသာလျှင် ရပြီးရင်းရ၊ ရှိပြီးရင်းရှိ ဖြစ်လာကြတာပါ။ အောက်ခြေလူတန်းစားတွေမှာ ဘယ်လောက်ခက်ခက်ခဲခဲရင်ဆိုင်နေရလည်းဆိုတာ မြို့ကြီးပြကြီးကဝေးလေ ပိုမြင်ရလေပါပဲ။ ကျမထက်ပိုပြီး အစွန်အဖျားကိုရောက်နိုင်ကြတဲ့ ရှင်တို့တွေက ပိုပြီးမြင်ရမှာပါ။

Anonymous said...

ခုဆိုရင် ရန်ကုန်မြို့ ၀န်းကျင်မှာတောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေအများကြီးဖြစ်နေတယ်။ အမှန်က ဘုန်းတော်ကြီးသင်ပညာရေးဆိုတာမရှိသင့်တဲ့ နေရာ။ ကျောင်းဆိုတာ နိုင်ငံကနေ စီမံခန့်ခွဲပြီး ဖွင့်ရမှာ။ မသင်မနေရ ပညာရေးဆိုတာ လုပ်ရမှာ။ နိုင်ငံတနိုင်ငံရဲ့ အဓိက အခြေခံ ဖြစ်တဲ့ ပညာရေးစနစ်ကို ဖြစ်ကတတ်ဆန်းလုပ်ရင် အဲဒီ နိုင်ငံရဲ့အနာဂတ်က ဆိုးဖို့ပဲရှိတယ်။ တပ်မတော်ထဲက ကလေးတွေပဲ ပညာတတ်စေ သာမန်ပြည်သူတွေရဲ့ ကလေးတွေရဲ့ပညာရေးကျတော့ ဖြစ်သလိုဆိုရင်တော့ တရားမမျှတတာပေါ်လွင်နေတာပေါ့။ ခုဆိုရင် မတတ်နိုင်တဲ့မိသားစုတွေက ကိုယ့်သားသမီးကို ပညာသင်ပေးဖို့ပါ ငြိုငြင်လာကြပြီ။ အလကားသင်ပေးတဲ့ကျောင်းလွှတ်ဖို့တောင် အဲဒီကလေးကိုကျောင်းလွှတ်ရင် အဲဒီကလေးအလုပ်လုပ်လို့ ရမဲ့ဝင်ငွေနည်းသွားမှာကိုစိုးရိမ်ပြီး ကျောင်းမလွှတ်ချင်တဲ့ စိတ်တွေထိဖြစ်နေကြပြီ။ ဒါက ကျမဒီမှာအလုပ်လုပ်နေရင် မြန်မာပြည်ကိုပြန်တိုင်း လုပ်နေကျအလုပ်လေးပါ။ ကျမနိုင်သလောက်လေး ကျမဘာလုပ်ပေးနိုင်မလဲလို့ ကိုယ့်ကိုယ်ပိုင် ချွေးနဲစာနဲ့ ရတဲ့ ပိုက်ဆံနဲ့ အဲဒီလိုဘုန်းကြီးကျောင်းပညာသင်ကြားရေးတွေကို ထောက်ပံ့ပေးရင်း၊ ကျမသိတဲ့ ဗဟုသုတလေးနဲ့ ကလေးတွေကို စာသင်ချင်အောင်၊မိဘတွေကို ကလေးတွေကိုကျောင်းလွှတ်ချင်အောင် ပြောရင်းနဲ့ တွေ့ကြုံရတဲ့ ကျမအတွေ့အကြုံလေးပါ။ ငွေလှုပြီးပြီးရောအလုပ်ကိုကျမမလုပ်ဘူး။ ကျမ သူတို့နဲ့ အတူတူ သွားတွေ့တယ်။ စကားတွေပြောတယ်။ ပျော်ရွှင်အောင် ပွဲလေးတွေကျင်းပပေးတယ်။ ကျမတယောက်ထဲတော့ မဟုတ်ပါဘူး။ ကျမသူငယ်ချင်းတွေလည်းအတူတူပေါ့နော်။ ကျမနဲ့ တခြားသူငယ်ချင်း ၃ ယောက်က အပြင်ထွက် အလုပ်လုပ် ရတဲ့ထဲက ငွေကို သူတို့လေးတွေအတွက်သုံးနိုင်အောင်စုပြီးပို့ပေးကြတယ်။ ကျမတို့ နိုင်ငံအတွက် ကျမတို့ဘာလုပ်ပေးနိုင်သလဲ၊လိုအပ်နေတာတွေအများကြီးကိုထိုင်ညည်းနေလို့ ဘာမှမဖြစ်လာဘူးလေ။ မလုပ်ပေးလို့လို့ အပြစ်တင်နေယုံနဲ့ ပြောင်းလဲလာမှာမဟုတ်လို့၊ ကျမ လုပ်နေတဲ့ အလုပ်ဟာ ဗိုလ်ကြီးတို့လို နိုင်ငံတော်ကို အသက်ပေးပြီးကာကွယ်နေတဲ့အလုပ်လောက် မမြင့်မြတ်ပေမဲ့ ကျမတတ်နိုင်သလောက် လေးကိုလုပ်ပေးခွင့်ရနေလို့ ကျမ ကျေနပ် ပျော်ရွှင်ပါတယ်။

Anonymous said...

ကျမတို့နိုင်ငံမှာ ပြုပြင်ရမဲ့ဟာတွေအများကြီးပါ။ စာရိတ္တတွေပျက်ပြားနေလိုက်ကြတာဆိုတာပိုဆိုးလာတယ်။ စိတ်ဓာတ်၊စည်းကမ်း၊ကြံခိုင်ရမယ်ဆိုတာ တွေ ပျောက်နေတယ်။ ကျမ တခေါက် ရပ်စောက်မြို့ကိုသွားခဲ့တယ်။ ၂ခေါက်ပေါ့။ ပထမတခေါက်က ကျမ ဒတ်ဆန်းနောက်ခန်းကနေ၁၀၀၀ပေးပြီးစီးခဲ့တယ်။ လူတွေကျပ်ညပ်နေပြီး ဖုံတွေတသောသောနဲ့ လမ်းကြမ်းကြမ်းကို စီးခဲ့ရတယ်။ နောက်တခေါက်သွားတော့ ကျမ ကွဲစရာအထုတ်တွေလည်းပါလို့ ကျမက ဒရိုင်ဘာကို ရှေ့ခန်းက ဘယ်လောက်လဲလို့မေးတော့ တယောက် ၂၀၀၀ပါတဲ့။ အဲဒါနဲ့ ကျမလည်း ရှေ့ခန်းကနေ စီးချင်တယ်။ ၄၀၀၀ပေးပါ့မယ်။နောက်တယောက်မတင်ပါနဲ့ဆိုပြီး စီးဖို့စောင့်နေတယ်။ ခဏနေတော့ ကားထွက်ကော။ ကားစထွက်တာနဲ့ ဒရိုင်ဘာကပြောတယ်။ သူ့စပါယ်ယာက သူ့ကိုအပြစ်တင်တယ်တဲ့။ ခင်ဗျားက တော်တော်ညံ့တာပဲတဲ့။ ခင်ဗျားတောင်းရင် ၂၀၀၀၀ဆိုလည်းပေး၊၃၀၀၀၀ဆိုလည်းပေးနိုင်မဲ့သူကို ဘာလို့၂၀၀၀လို့ပဲပြောလိုက်တာလဲတဲ့။ အဲဒါနဲ့ကျမလည်း ကျမဒီလမ်းခရီးကိုလာတာ အားလုံးစုံစမ်းပြီးမှလာတာပါ။ ပိုတောင်းလည်းကျမသိပါတယ်။လို့ပြောလိုက်တယ်။ ညီမကိုကြည့်ရတာ ဒီမှာနေတဲ့ပုံမပေါက်ဖူးတဲ့။ နိုင်ငံခြားမှာအလုပ်လုပ်နေတာလားတဲ့။ ကျမလည်း မညာပါဘူး။ ဟုတ်ပါတယ်လို့ပြောတော့ နိုင်ငံခြားမှာဆိုပိုက်ဆံအများကြီးရမှာပေါ့တဲ့။ အဲဒါကိုကမှားနေတာလို့။ ကျမ နိုင်ငံခြားမှာနေလို့ ၀င်ငွေအများကြီးရတယ်ဆိုတာကိုမငြင်းပါဘူး။ ဒါပေမဲ့ ကျမ အလုပ်လုပ်စမလုပ်ပဲ၊ပင်ပင်ပန်းပန်း မလုပ်ပဲ ငွေတပြားတချပ်မှမရနိုင်ပါဘူး။ တန်အောင်အခိုင်းခံရပြီးမှ ရတာပါလို့။အလကားလုံးဝမရပါဘူးလို့။ တန်ရာတန်ကြေးပဲရတာပါလို့။ ဒီမှာ ဦးလေးတို့လို မသိတဲ့သူဆီကနေရရင်ရသလို ပိုတောင်းလိုက်မယ်ဆိုတဲ့ဟာ ဘယ်မှာမှမရှိလို့ ကျမတို့လည်းချွေးနဲစာပဲရတာပါလို့။ ကျမပိုမပေးနိုင်ပါဘူးလို့။ လုံးဝမရှိလို့၊အလုပ်မလုပ်နိုင်တဲ့သူဆိုရင် ကျမပေးချင်ပေးမယ်။ ခြေအကောင်း၊လက်အကောင်းနဲ့ အလုပ်လုပ်နေနိုင်ရဲ့သားနဲ့ သူများဆီက မတန်တဆ တောင်းယူတဲ့သူကိုကျတော့ ကျမမပေးချင်ဘူးလို့။ နိုင်ငံခြားထွက်အလုပ်လုပ်တာနဲ့ ငွေပုံပေါ်ထိုင်နေကြပြီလို့တွေးတဲ့အတွေးတွေက မှားနေတာပါ။ အဲ..လမ်းလည်းရောက်ရော.လမ်းခွန်တဲ့ ကားသေး ၁၀၀၀ ကားကြီး ၄၀၀၀ တဲ့ အသွားကော၊အပြန်ကောပေးရတယ်တဲ့။ ဒါပေမဲ့ လမ်းကတော့ စုတ်ပြတ်သတ်နေအောင် ချိုင့်ခွက်တွေနဲ့ ဖုန်တွေနဲ့။ အဲဒါကျတော့ ကိုဒရိုင်ဘာက မတန်တဆပေးရတယ်ဗျာတဲ့။ ပြီးတော့ လမ်းလည်းမပြင်ပဲ သူ့တို့အိတ်ထဲပဲထည့်သွားကြတာတဲ့။ အဲဒါပဲပေါ့ရှင်လို့။ လူဆိုတာ ကိုယ်ခံရမှ ကိုယ်သိကြတာလို့ဆိုတော့မှ ငါ့ညီမပြောတာမှန်ပါတယ်တဲ့။ အဲဒီလိုမျိုး မကောင်းတဲ့ စာရိတ္တတွေဖြစ်နေကြတာ အင်မတန် ၀မ်းနည်းဖို့ကောင်းပါတယ်။ စိတ်မကောင်းစရာတွေပေါ့။ ပြောရရင်အများကြီးပါပဲရှင်။ ကျမကြုံတုန်းပြောပြချင်တာလေးကို ပြောပြမိတာပါ။ စိတ်မဆိုးပါနဲ့နော်။ ကျမကတော့ ဘယ်သူ့ကိုမှ အပြစ်မဆိုနေပါဘူး။ ခုနလိုမျိုးရှင်းပြခွင့်လေးရလိုက်တာကိုပဲ အဲဒီလူကိုကျေးဇူးတင်သွားမိတာ။နောင်လည်းပဲ ကျမ လုပ်ပေးလို့ရတာရှိရင် ကျမ တတ်နိုင်တဲ့နေရာကနေလုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ လူဆိုတာ သူများကို ပြောပြဖို့ဆိုရင် ကိုယ်ကိုယ်တိုင်လည်း အဲဒီလိုနေထိုင်နိုင်ဖို့၊ သီလလုံဖို့လိုလို မိမိကိုယ်ကိုယ်လည်းကောင်းအောင်ကျိုးစားနေပါတယ်။ ခုလည်း ကျမရေးတဲ့ စာအရှည်ကြီးဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

တေလေ said...

လာလည်ပါတယ်ဗျာ မရောက်ဖြစ်တာကြာပါပြီ။ ဟုတ်ပါပြီဗျာ ကျုပ်ကလည်းကျုပ်အမြင်ကို ၀င်ပြောတာပါ။ anonymous ရေးထားတာကိုလည်းစိတ်ဝင်တစားဖတ်သွားပါတယ်။

Subscribe to: Post Comments (Atom)