NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

စစ်တက္ကသိုလ် သမိုင်းအကျဉ်း

လူ့သမိုင်းဟူသည် ဖျောက်ဖျက်လို့ ရနိုင်ကောင်းသော အရာမဟုတ်ပါ။ ထိုခေတ် ထိုအခါ ထိုအချိန်ကဖြစ်ပျက်ခဲ့သော အကြောင်းချင်းတို့သည်လည်း တိမ်ကောပျောက်ကွယ်သွားနိုင်ဖွယ်ရာမရှိပါ။ထို့ကြောင့် လူတို့၏ ဖြစ်စဉ်များကို"သမိုင်းကသက်သေပြသည်"ဟု ပြောစမှတ်ပြုလာ ရခြင်းဖြစ်ပါသည်။
ထို့နည်းတူ ကျွန်တော်တို့ စစ်တက္ကသိုလ်ကြီးသည်လည်း တပ်မတော် ခေါင်းဆောင်ကြီးများ၏ ကြိုးစားအားထုတ်မှု့ လုံ့လရှိခြင်းတို့ကြောင့် အောင်မြင်စွာပေါ်ပေါက် လာခဲ့သည်ကို သမိုင်းစာမျက်နှာများတွင် ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။
၁၉၅၀ပြည့်လွန်နှစ်များအတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်တက္ကသိုလ်ပေါ်ထွန်းရေးအတွက် အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့ကြသည်။၁၉၅၄ ခုနှစ် သြဂုတ်လ(၁)ရက်နေ့တွင်မှု စစ်တက္ကသိုလ် ဖွဲ့စည်းခွင့် အမိန့်ထုတ်ပြန်နိုင်ခဲ့သဖြင့် ယင်းနေ့ကို စစ်တက္ကသိုလ် မွေးဖွားပေါ်ပေါက်လာတဲ့နေ့လို့ သတ်မှတ် ခေါ်ဝေါ်ခဲ့ကြပါသည်။
စစ်တက္ကသိုလ် ဘာကြောင့်ဖွဲ့စည်းရပါသလဲလို့ မေးစရာရှိပါသည်။စူးစမ်းလေ့လာကြည့်ကြပါစို့။မြန်မာမင်းများ စိုးမိုးအုပ်ချုပ်စဉ်က မြန်မာ့တပ်မတော်သည် အရှေ့တောင်အာရှတစ်ခွင်တွင် စွမ်းရည် ကြီးမားထက်မြက်ပြီး လက်ရုံးရည် နှလုံးရည်ဖြင့် ပြည့်ဝသော တပ်မတော်ဖြစ်ခဲ့ကြောင်း သမိုင်းက သက်သေပြလျက်ရှိပါသည်။ကိုလိုနီခေတ် နှစ်တစ်ရာခန့်အတွင်း မြန်မာတို့ကို ဗြိတိသျှနယ်ချဲ့တို့က လက်နက်ကိုင်ဆောင်ခွင့် မပေးခဲ့သဖြင့် မြန်မာ့တပ်မတော်ဟူသည့် သမိုင်းမှတ်တမ်းတွင် မတွေ့ရှိရတော့ပါ။သူ့ကျွန်ဘ၀တွင် နေရသော်လည်း မြန်မာတို့၏"သူ့ကျွန်မခံ"လိုသော မီးခဲပြာဖုံး စိတ်ဓာတ်ကြောင့် ဒုတိယကမ္ဘာစစ် စတင်မီးလောင်ချိန်တွင် ရဲရဲနီမြန်မာ့သွေး ပေါ်ပေါက်လာခဲ့ရပြန်ပါသည်။ထို့ကြောင့် ရဲဘော်သုံးကျိပ်ကို စတင်တည်ထောင်ပြီး မြန်မာ့တပ်မတော်ကို ဖွဲ့စည်းပြီး နိုင်ငံတော်တစ်ဝန်းလုံးမှ မျိုးချစ်လူငယ်များ စုစည်းကာ အင်အားချဲ့ထွင်ခဲ့ပါသည်။လွတ်လပ်ရေးအတွက် မျိုးချစ်စိတ်ကို အရင်းခံပြီး စွန့်လွတ်စွန့်စားလိုစိတ် ပြင်းထန်သူများဖြစ်ကြပါသည်။ထို့ကြောင့် နယ်ချဲ့ဗြိတိသျှနှင့် ဂျပန်တပ်မတော်တို့ကို အံတုအနိုင်ယူနိုင်ခဲ့ကြပါသည်။
ယနေ့ကမ္ဘာ့တပ်မတော်ကြီးများကိုလေ့လာရာတွင် လက်ရုံးရည် နှလုံးရည်ပြည့်ဝသော ခေါင်းဆောင်များ မွေးထုတ်နိုင်ရန် စစ်ပညာရော ခေတ်ပညာပါ သင်ယူတတ်မြောက်စေသာ ဌာနကြီးများကို တည်ဆောက်ဖွဲ့စည်း လေ့ကျင့်ပေးနေတာတွေကိုတွေ့နေရပါတယ်။ခေတ်နှင့် ရင်ဘောင်တန်းနိုင်ရန်မှာ စိတ်ဓာတ်အင်အား တစ်ခုတည်းဖြင့် မလုံလောက်တော့ဘဲ အခြေအနေအရပ်ရပ်ကို မှန်ကန်စွာ သုံးသပ်နိုင်သော ခေါင်းဆောင်မှုက အရေးကြီးလာပါသည်။ပညာရပ်အားလုံးကို တတ်ကျွမ်းမှု အရေးပါကြောင်း ထင်ရှားလာပါသည်။
ထို့ကြောင့် စစ်တက္ကသိုလ်ကြီးပေါ်ပေါက်လာခြင်းဖြစ်ပြီး "တပ်မတော်(ကြည်း ရေ လေ)အတွက် လိုအပ်သော လက်ရုံးရည် နှင့် နှလုံးရည် ပြည့်ဝသည့် အရာရှိများမွေးထုတ်ရန်"ဟူသော ရည်ရွယ်ချက်(AIM)ထားရှိခဲ့ခြင်းဖြစ်ပါသည်။လက်ရုံးရည်ပြည့်ဝစေရန် အဆင့်မြင့် စစ်ပညာကိုလည်းကောင်း နှလုံးရည်ပြည့်ဝစေရန် ခေတ်ပညာ(တက္ကသိုလ်ပညာ)ကိုလည်းကောင်း သင်ကြားတတ်မြောက်စေရန် ရည်သန်လုပ်ဆောင်ခဲ့ပါသည်။
စစ်တက္ကသိုလ်ကို စတင်ဖွဲ့စည်းတည်ထောင်စဉ်တွင် ပထမဦးဆုံးကျောင်းအုပ်ကြီးအဖြစ် သီရိပျံချီဗိုလ်မှူးကြီးကျော်စိုး ကိုရွေးချယ်တာဝန်ပေးအပ်ခဲ့ပါသည်။ဗိုလ်မှူးကြီးကျော်စိုးမှာ ဂျပန်ခေတ်မြန်မာ့တပ်မတော်အတွက် ဂျပန်ပြည် ဘုရင့်စစ်တ္ကသိုလ်(IMPERIAL JAPANESE MILITARY ACADEMY)ပထမပတ်သို့ တက်ရောက်ခဲ့သော ပုဂ္ဂိုလ်ဖြစ်ရုံသာမက စစ်ပွဲအတွေ့အကြုံရင့်ကျက်သော တပ်မဟာမှူးတာဝန်မှကူးပြောင်းတာဝန်ထမ်းဆောင်ခဲ့သည်ဖြစ်ပါသည်။အဆင့်မြင့်စာပေပညာသင်ယူရေးနှင့်ပတ်သတ်ပြီး ထိုစဉ်က အတွေ့အကြုံရင့်ကျက်ပြီး သိက္ခာ သမာဓိ ပညာဥာဏ်ရည်တို့ဖြင့် ပြည့်ဝသော ပညာမင်းကြီးဟောင်းဦးဘိုးသုန်ကို ခန့်အပ်ခဲ့ပါသည်။ဗိုလ်လောင်းများကိုကွပ်ကဲအုပ်ချုပ်ရန် ဗိုလ်သင်တန်းကျောင်းအပတ်စဉ်(၁)မှဆင်းသောထူးချွန်ထက်မြက်သည့် အကောင်းဆုံးဗိုလ်လောင်း ပထမဆုရ(BEST CADET)အရာရှိအား နည်းပြချုပ်တာဝန်ပေးအပ်ပြီး တပ်ခွဲမှူး တပ်စုမှူးများအဖြစ် အင်္ဂလန်ပြည် ဘုရင့်စစ်တက္ကသိုလ်(ROYAL MILITARY ACADEMY,SAD HURST)ဆင်း အရာရှိငယ်များအား တာဝန်ပေးကြီးကြပ်စေခဲ့ပါသည်။အစကောင်းမှ အနှောင်းသေချာဟူသောစကားအရ စစ်တက္ကသိုလ် စတင်ဖွဲ့စည်းတည်ထောင်စဉ်ကပင် လက်ရွေးစင် ပုဂ္ဂိုလ်များကိုသာ ခန့်အပ်တာဝန် ထမ်းဆောင်စေခဲ့ပါသည်။
အထက်ပါအကြောင်းအရာများကို ကြည့်ခြင်းအားဖြင့် တပ်မတော်အကြီးအကဲများ၏ စစ်တက္ကသိုလ်အပေါ်ထားရှိသော စေတနာနှင့် ဖြစ်မြောက် စေလိုသော ဆန္ဒမွန်တို့ကို လေ့လာသုံးသယ်လို့ရပါသည်။အနာဂတ်တပ်မတော်၏ ခေါင်းဆောင်ပိုင်းကို ကမ္ဘာ့တပ်မတော်များနှင့် ရင်ပေါင်တန်းနိုင်ရန် ပျိုးထောင်ပေးခဲ့ခြင်းဖြစ်ပါသည်။
စစ်တက္ကသိုလ်ကို ပိုမိုခံ့ညားထည်ဝါအောင် စွမ်းဆောင်ခဲ့သူတစ်ဦးကိုလည်း စစ်တက္ကသိုလ်သမိုင်းတွင် ချန်လှပ်ထားလို့မရနိုင်ပါ။ထိုပုဂ္ဂိုလ်မှာ အခြားမဟုတ်။ပြည်ထောင်စုဖွား ကချင်မျိုးနွယ်စုဝင် သီရိပျံချီ ဗိုလ်မှူးကြီး အယ်(လ်)ခွန်နောင် ပင်ဖြစ်ပါသည်။သူသည် ကျောင်းအုပ်ကြီးတာဝန်ကို အရှည်ကြာဆုံးထမ်းဆောင်ခဲ့ရသူဖြစ်ပြီး လက်ရုံးရည် နှင့် နှလုံးရည် ပြည့်ဝသော တက္ကသိုလ်ဘွဲ့ရ တပ်မဟာမှူးဟောင်း ဖြစ်ပါသည်။
ထို့ကြောင့် "နောင်တစ်ခေတ်၏ အောင်စစ်သည်"ဟူသော စစ်တက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ ယနေ့နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေကြသော စစ်တက္ကသိုလ်ဆင်း အရာရှိများသည် မိမိတို့သင်ယူတတ်မြောက်ခဲ့သော စစ်ရေး အုပ်ချုပ်ရေး စည်းရုံးရေး စွမ်းရည်တို့တွင် ယခုတာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းခွင်စွမ်းရည်နှင့် ကိုယ်ကျင့်သိက္ခာတို့ကို ပေါင်းစပ်လျက် ပြည်သူလူထု၏ လေးစားချစ်ခင် ယုံကြည်မှုကိုခံယူကာ နိုင်ငံ့တာဝန်ကြီးများကို သမိုင်းတွင်ရစ်ရလေအောင် ထမ်းဆောင်နိုင်ကြစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါသည်။။။။
(စစ်တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်းမှ ဖော်ပြပါသည်)

1 comments:

ARTARLOOT said...
This comment has been removed by a blog administrator.
Subscribe to: Post Comments (Atom)