NAING KO

THERE IS NO SHORT CUT TO RESPECTABILITY AND HONOUR

မြန်မာ့ရိုးရာဓလေ့ သီချင်း




ခေတ်တွေပြောင်းလာတော့ ရိုးရာဓလေ့တွေပါ ပြောင်းလဲလာကြတာတွေ့ရတယ်...အမှန်ကတော့ ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း မပြောင်းပဲအဟောင်းလေးတိုင်း ရှိနေရမှာက ရိုးရာဓလေ့လေးတွေကိုပါ...
မြန်မာ့ဓလေ့ ထုံးတမ်းတစ်ခုဖြစ်တဲ့ ရှင်ပြုအလှူတော် မင်္ဂလာပွဲဟာလည်း ရိုးရာအစဉ်လာတစ်ခုပါပဲ...
ယနေ့ခေတ်မှာ ရှင်ပြုအလှူတော်တွေမှာ ကျင်းပနေတဲ့ပုံစံတွေဟာ အထူးသဖြင့် မြို့ပြတွေပေါ်မှာ ကျင်းပနေတဲ့ ပုံစံတွေဟာ ရှေးအစဉ်အလာ ပုံစံတွေနဲ့ ကွဲပြားသွားကြတာတွေ့ရတယ်...

အရင်တုန်းကတော့ ဆင်တွေ မြင်းတွေနဲ့ သာသနာ့ဘောင်သို့ သွတ်သွင်းကြမယ့် ရှင်လောင်းလေးတွေကို တင်ပြီး စီတန်းသွားကြတယ် ဒိုးပတ်သတ်ညံညံနဲ့ အကခုန်လေးတွေနဲ့ ဆူဆူညံညံလေးတွေပေါ့ဗျာ...ကျုပ်တို့ တောဘက်တွေမှာတော့ ဒီလိုပုံစံလေးတွေ ရိုးရာမပျက်ရှိနေတာလေးကိုပဲ ကျေးဇူးတင်မိတယ်...မြို့ပြတွေမှာတော့ ကားတွေနဲ့စီတန်းလှည့်လည်ပြီး ဘုန်းကြီးကျောင်းကို ခဏတွင်းနဲ့ရောက်ရှိသွားကြတယ်...ဒါကြောင့် သိပ်ပြီးတော့လည်း လေးနက်မှုမရှိသလို အစဉ်လာတွေနဲ့ အနည်းငယ် ကွာဟလာသလိုဖြစ်နေတယ်...

မြို့ပြတွေမှာမို့ နားလည်ပေးနိုင်ပေမယ့် ရိုးရာဓလေ့ အစစ်မှန်လေးတွေကိုတော့ မပျောက်ပျက်စေချင်သလို ဓလေ့သဘာဝလေးတွေရဲ့ အစစ်မှန်ကိုလည်း နောင်လာနောင်သား အစဉ်အဆက်ဆက်မှာ သိရှိနားလည်ထားကြဖို့လည်း လိုသေးတယ်...ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ရိုးရာဓလေ့ထုံးတမ်းလေးတွေကို ချစ်ခင်မြတ်နိုးပြီး တန်ဖိုးထားကြပါ... ယနေ့လူငယ်တွေအနေနဲ့က ခေတ်ရေစီးကြောင်းရဲ့ နောက်ကိုပဲ တဟုန်ထိုးလိုက်နေတော့ မိမိနိုင်ငံ မိမိလူမျိုး ရိုးရာယဉ်ကျေးမှုတွေကို သတိထားဖို့ ကင်းလွတ်သွားတတ်ကြတယ်...ဒါကြောင့် ဒါတွေကို သတိထားတတ်လာအောင် ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်လာအောင်လည်း မိမိတို့အနေနဲ့ကလည်း ပြောဆို ဆုံးမပေးရမယ့် တာဝန်တစ်ခုရှိနေတယ်ဆိုတာ မမေ့ဖို့လိုတယ်...

အပြည့်အစုံသို့...

ငယ်ကျွမ်းဆွေ



ခေတ်တွေ ဘယ်လိုပြောင်းပြောင်း ခေတ်ပေါ်တေးဂီတတွေ ဘယ်လိုပဲကောင်းကောင်း မြန်မာ့ရိုးရာသီချင်းကောင်းလေးတွေကိုတော့ မှီမယ်မထင်ပါဘူး...

အပြည့်အစုံသို့...

လွဲမှားခဲ့သော ကျွန်တော့်ရဲ့အတွေးများ

၁၂-၁၀-၂၀၁၀ (အင်္ဂါနေ့) မိုးလေးတွေ တစ်ဖွဲဖွဲရွာသောနေ့ (သို့မဟုတ်) မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးဖို့အတွက် ပထမခြေလှမ်းဖြစ်တဲ့ ရွေးကောက်ပွဲကိုကျင်းပနိုင်ဖို့အတွက် ပြည်ပမှာရှိတဲ့ မဲထည့်ခွင့်ရှိသော နိုင်ငံသားများထဲမှာ ကျွန်တော်တို့လည်းအပါဝင်တစ်ခုဖြစ်တာကြောင့် ကျွန်တော်တို့ကျောင်းမှာရှိတဲ့ကျောင်းသားတွေ ကြိုတင် မဲသွားထည့်ရသော နေ့တစ်နေ့ဖြစ်ပါတယ်...ရုရှားနိုင်ငံမှာ ၀န်ထမ်းကျောင်းသားတွေပဲရှိတာကြောင့် ဒီ မဲသွားထည့်တဲ့အခါမှာ လွတ်လပ်မှုရှိပါ့မလား ကိုယ်ပိုင်လွတ်လပ်စွာနဲ့ မဲထည့်ခွင့်ရှိပါ့မလား အထက်က ဘာ pressure တွေပေးမှာလဲ ဘာတွေ မိန့်ခွန်းတွေ သြ၀ါဒတွေ ချွေအုံးမှာလည်းဆိုပြီး တစ်ချိန်လုံးတွေးနေမိခဲ့တယ်...

မဲမပေးခင်မှာ အားလုံးစုပေါင်းပြီး ဘယ်ပါတီက ဘယ်လိုကောင်းကြောင်း အစိုးရပါတီလို့ပြောလို့ရတဲ့ ကြံ့ခိုင်ရေးပါတီရဲ့အကြောင်းတွေကိုပဲပြောပြီး မင်းတို့ဟာ နိုင်ငံ့ဝန်ထမ်းတွေဖြစ်တယ် ဒီတွက်နိုင်ငံတော်က ဖွဲ့စည်းပေးထားတဲ့ ကြံ့ခိုင်ရေး ပါတီကိုပဲ မဲထည့်သင့်တယ် မဲထည့်ရမယ် စသဖြင့် အတွေးများစွာနဲ့ ဒီလိုပဲ သူတို့ သံရုံးက ပြောပါ့မလား လုပ်ပါ့မလားလို့ ရှုပ်ထွေးစွာနဲ့ တွေးမိသေးတယ်...

ဒီလိုတွေးရင်းနဲ့ မဲထည့်ဖို့သံရုံးကိုရောက်တဲ့အခါမှာ မိမိတို့ တိုင်းနဲ့ပြည်နယ်အလိုက် အစဉ်လိုက်ခေါ်ပြီး မဲမထည့်ခင်မှာ ဘယ်ပုံစံတွေဖြည့်စွပ်ရမယ် ဘယ်လိုထည့်ရမယ်ဆိုတာတွေကိုပြောပြပြီး မိမိကြိုက်နှစ်သက်တဲ့ပါတီကိုကို စိတ်ကြိုက်ရွေးချယ်ပေးနိုင်ကြောင်းပြောပြပြီးတဲ့အခါမှာ အားလုံးက မဲစာရွက်လေးတွေကို ကိုယ်စီယူပြီး လွတ်လပ်စွာနဲ့ မိမိကြိုက်နှစ်သက်တဲ့ ပါတီကိုပေးပြီး မိမိကိုယ်တိုင် မဲစာရွက်ကိုခေါက်ပြီး စာအိတ်ထဲထည့်ပြီး သေချာလုံခြုံအောင် ကော်များများနဲ့ကတ်ပြီး မဲပုံးထဲကိုထည့်ပေးလိုက်တယ်..

ဒီလိုထည့်နေတဲ့အချိန်မှာ သက်ဆိုင်ရာက ဘယ်သူများလာပြီး စောင့်ကြည့်နေမလဲ တစ်ခုခုပြောမလဲ နောက်ပြောင်သလိုလိုနဲ့ ကြံ့ခိုင်ရေးကိုများ မင်းတို့ထည့်ကြ အားပေးကြလို့များ ပြောလေမလားလို့ မသင်္ကာမျက်လုံးလေးနဲ့ မဲထည့်နေတဲ့နေရာ ပတ်ဝန်းကျင်ကို ကြည့်မိလိုက်ပါသေးတယ် နားလည်းစွန့်ထားမိပါသေးတယ်...ဘယ်သူမှ ဘာမှမပြောသလို ဘာ pressure မှမပေးပဲ လွတ်လပ်ပျော်ရွှင်စွာနဲ့ မဲထည့်နေကြတဲ့ သူငယ်ချင်းတွေရဲ့အသံတွေပဲ ကြားနေရပါတော့တယ်...လွဲမှားမှုတွေမရှိအောင် စောင့်ကြည့်ပေးတဲ့ သက်ဆိုင်ရာက လူကလည်း ဘာမှမပြောပဲ ပြုံးပြုံးကြီးပဲ ကြည့်နေလေရဲ့...

မဲထည့်ပြီးလို့ အပြန်လမ်းမှာ တွေးပြီး ပြုံးမိနေတယ် ငါထင်နေခဲ့တဲ့ အတွေးတွေက လက်တွေ့မှာ တစ်ခြားစီပါလားလို့ တွေးပြီးပြုံးနေမိတယ်... လွတ်လပ်မှုမရှိဘူး ၀န်ထမ်းတွေဖြစ်လို့ ကြံ့ခိုင်ရေးကိုပဲ ပေးရမယ်ဆိုတဲ့ အပြောတွေ အသံတွေဟာ ကျွန်တော့်အတွက်တော့ ဆန့်ကျင်ဘက်ဖြစ်သွားလေပြီ... နိုင်ငံသားတစ်ယောက်အနေနဲ့ မိမိတို့ပြည်သူနဲ့ တိုင်းပြည်ကို ခေါင်းဆောင်ကြမယ့် ခေါင်းဆောင်အဖွဲ့စည်းတွေကို လွတ်လပ်စွာ ရွေးချယ်ပေးနိုင်ခဲ့ပြီ...

နိုင်ငံသားတစ်ယောက်ရဲ့ မဲထည့်ရမယ့် တာဝန်ကျေပွန်သွားပြီ တာဝန်တွေဆက်လက်ကျန်ရှိနေတာကတော့ ပြည်သူက ရွေးချယ်ပေးလိုက်တဲ့ ခေါင်းဆောင်တွေဟာ မိမိတို့ကိုခေါင်းဆောင်အဖြစ်ရွေးချယ်ပေးလိုက်တဲ့ နိုင်ငံနဲ့ပြည်သူကို အမှန်တကယ် စစ်မှန်တဲ့ စိတ်ရင်းစေတနာတွေနဲ့ ပြန်လည်ပြီး အကျိုးပြုနိုင်တဲ့ နိုင်ငံခေါင်းဆောင်တွေ အဖြစ်ထမ်းဆောင်ကြဖို့ပဲ ကျန်ပါတော့တယ်...

ကျွန်တော်တို့လိုပဲ ပြည်တွင်းမှာရှိကြတဲ့ ပြည်သူတွေလည်း လာမည့် ရွေးကောက်ပွဲနေ့မှာ ဒီလိုပဲ လွတ်လပ်စွာနဲ့ မဲထည့်နိုင်ကြမယ် တရားမျှတစွာနဲ့ မဲရေတွက်နိုင်မယ် မဲနဲ့ပတ်သတ်ရင် အားလုံး Free and Fair ဖြစ်မယ်လို့ ယုံကြည်မိပါတယ်...ဘာကြောင့် ယုံကြည်ရတာလည်းဆိုရင် ကျွန်တော်တို့လို ၀န်ထမ်းတွေပဲရှိကြတဲ့ နေရာမှာတောင်မှ လွတ်လပ်စွာမဲပေးနိုင်ရင် လူမျိုးပေါင်းစုံ အဖွဲ့စည်းပေါင်းစုံနဲ့လုပ်ကြ ပေးကြမယ့် ရွေးကောက်ပွဲနေ့ဟာ ပိုပြီး လွတ်လပ်နိုင်မယ်လို့ ယုံကြည်မိတာပါ...

ကျွန်တော့်လိုပဲ မဲမထည့်ခင်မှာ လွဲချော်နေတဲ့အတွေးများ အစွန်းရောက်နေတဲ့အတွေးများ ရှိခဲ့ရင်လည်း မိမိသွားထည့်တဲ့အခါမှာ ဒီလွဲချော်နေတဲ့အတွေးများ အစွန်းရောက်နေတဲ့အတွေးများဟာ လက်တွေ့မှာ ဆန့်ကျင်ဘက် တစ်ခြားစီပါပဲဆိုတာ သိလာပါလိမ့်မယ်...ဒီမိုကရေစီ စနစ်ကိုမြတ်နိုးသူတိုင်း နိုင်ငံသားတိုင်းအားလုံး နိုင်ငံသားတစ်ယောက်ရဲ့တာဝန်တစ်ခုကို ကျေပွန်စွာထမ်းဆောင်ရင်းနဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို အတူလက်တွဲ တည်ဆောက်သွားကြမည်။

အပြည့်အစုံသို့...

ပြည်ထောင်စု သီချင်း



"ရိုးရာဝတ်စားဆင်ယင်မှုနဲ့ ခေတ်စနစ်နဲ့အညီဝတ်စားဆင်ယင်မှု"

လူမှာအ၀တ် တောင်းမှာအကွတ်ဆိုသလိုပါပဲ လူတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုက အရေးကြီးပါတယ်...နိုင်ငံတိုင်းမှာ မိမိတို့ရဲ့ရိုးရာအစဉ်အလာ ၀တ်စားဆင်ယင်မှုကို ထိန်းသိမ်းရမှာဖြစ်သလို ၀တ်စားဆင်ယင်မှုရဲ့ ပြယုဂ်ဟာ ယဉ်ကျေးမှုရဲ့အစိတ်အပိုင်း လက္ခဏာတစ်ခုပါပဲ...ပြည်ထောင်စု မြန်မာနိုင်ငံမှာ ဗမာတိုင်းရင်းသားတစ်ခုတည်းမဟုတ်ပဲ ကျန်သော တိုင်းရင်းသားအားလုံးဟာလည်း မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု ထဲက ၀တ်စားဆင်ယင်မှုတစ်ခုအပါဝင် အားလုံးကို ထိန်းသိမ်းစောင့်ရှောက်သွားရမှာသည် လူတိုင်း တိုင်းရင်းသားအားလုံး နိုင်ငံသားတိုင်းရဲ့တာဝန်တစ်ခုပါပဲ...

မိမိတို့ရဲ့ ရိုးရာအ၀တ်စားများကို နေ့စဉ်ဝတ်နေရမယ်လို့ မဆိုလိုပါဘူး...ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ ၀တ်စားဆင်ယင်ကြတာကိုလည်း နားလည်ပေးရမှာဖြစ်သလို ခေတ်မှီ ခေတ်ဆန်တာကို တလွဲပုံစံကောက်ယူပြီး သရုပ်ပျက်ပုံစံမျိုးတွေဝတ်စားဆင်ယင်မှုတွေဖြစ်လာရင်တော့ ဒါဟာ ယဉ်ကျေးမှု စည်းဘောင်ကိုကျော်လွန်နေပြီဆိုတာ ဘယ်သူပြောပြော မပြောပြော မိမိကိုယ်တိုင် နားလည်ထားဖို့တော့ လိုပါတယ်...မိမိတို့အနေနဲ့ ရိုးရာယဉ်ကျေးမှုဆင်ယင်မှု များတွေကို ထိန်းသိမ်းရမယ်ဆိုတဲ့ အသိလေးတွေ ကိုယ်စီထားကြပြီး ခေတ်စနစ်နဲ့အညီ ပြောင်းလဲဝတ်ဆင်မှုများကိုလည်း ခေတ်နဲ့အညီသပ်ရပ်စွာဝတ်စားဆင်ယင်တတ်ကြဖို့လိုပါတယ်...

ခေတ်လွန်အဖြစ် သရုပ်ပျက်မှုဝတ်စားဆင်ယင်မှုများ နေထိုင်အပြုအမှုများ နဲ့ ရိုးရာအ၀တ်စားမှုတွေကိုပဲအပေါ်ယံဝတ်ပြပြီး စိတ်နေစိတ်ထား မကောင်းမှုများတွေကိုလုပ်နေတဲ့ အပြုမှုများတွေကို ရှောင်ရှားကြစေချင်ပါတယ်...

အပြည့်အစုံသို့...

Possible and Impossible

IMPOSSIBLE

မဖြစ်နိုင်ဘူးဆိုတာ ဒီလောကမှာမရှိဘူးလို့ အချို့ကဆိုကြတယ် အချို့ကလည်း ရှိတယ်လို့ဆိုကြတယ်...ဒါတွေက အကြောင်းအရာကိစ္စတွေပေါ်မှာမူတည်နေတယ်...ဒီနှစ်ခုလုံးရဲ့အဖြေမှာ ဘယ်သူမှ မမှားကြဘူးလို့မြင်တယ်...ဘာကြောင့်လည်းဆိုတော့ လက်တွေ့ဖြစ်စဉ်ဖြစ်ရပ်တွေမှာ အချိန်ကြာမြင့်စွာ ကြိုးစားလုပ်နေကြပေမယ့်လည်း လိုချင်တဲ့အရာတွေ ဖြစ်မလာသေးတာတွေရှိနေတယ်...ဒီတော့ ဘာကြောင့် ဒီလိုအချိန်ကြာမြင့်ပြီး ကိုယ်လုပ်နေတဲ့အရာတစ်ခုက အောင်မြင်မှုပန်းတိုင်ကို မရောက်နိုင်သေးတာလဲဆိုတဲ့ သော့ချက်တစ်ခုတော့ ရှိမယ်...ဒါကို ပြန်လည်စမ်းစစ်ခြင်းတွေ လုပ်သင့်တယ်...ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုက အောင်မြင်မှုတစ်ခုခု သို့မဟုတ် ရလဒ်တစ်ခုခုတော့ ရှိသင့်တယ်...ငါလုပ်နေတာ အမှန်ပဲဆိုပြီး ရလဒ်မရှိပဲ အတင်းဇွတ်လုပ်နေလို့မဖြစ်သေးဘူး...ဘယ်အရာပဲလုပ်လုပ် ကိုယ်လုပ်နေတဲ့အလုပ်ကို အမြဲစမ်းစစ်ပေးနေရမယ်...ဒါမှ ကိုယ်လုပ်နေတဲ့အလုပ်တစ်ခုမှာ လိုအပ်နေတဲ့ကွက်လပ်တွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မယ်...အောင်မြင်မှုရလဒ်မရှိပဲ Nothing is impossible ဆိုပြီးကြွေးကြော်နေလည်းပဲ possible နားရောက်ဖို့ ဝေးကွာလွန်းနေအုံးမှာပဲ...

မဖြစ်နိုင်တဲ့အရာမရှိဘူးလို့ဆိုပေမယ့် မဖြစ်နိုင် မသေချာသေးတဲ့ အလုပ်ကစပြီးချဉ်းကပ်လုပ်ဆောင်နေရင် ဖြစ်နိုင်ခြေရှိတဲ့လမ်းတွေနဲ့ဝေးဝေးပြီး မဖြစ်နိုင်တာတွေနဲ့ပဲ ဆက်တွေ့ကြုံနေပြီး အောင်မြင်မှုနဲ့ဝေးသွားနေရအုံးမှာပဲ...ဒီတော့ အောင်မြင်မှု သို့မဟုတ် လိုချင်တဲ့ ရလဒ်တစ်ခုခုရဖို့အတွက် ဘယ်လိုချဉ်းကပ်လုပ်ဆောင်မလဲ။

POSSIBLE

အောင်မြင်မှုတစ်ခု သို့မဟုတ် မိမိလိုချင်တဲ့ရလဒ်တစ်ခုကို ရဖို့အတွက် အရင်ဆုံး ဖြစ်နိုင်ခြေနည်းလမ်းတွေကိုပဲ အရင်ဆုံးစပြီးစဉ်းစားသင့်တယ်...ဖြစ်နိုင်ခြေနည်းလမ်းတွေကိုစုပြီးစလုပ်မှ လိုချင်တဲ့ရလဒ်ကို အချိန်တိုအတွင်းနဲ့ရောက်နိုင်မယ်...မဖြစ်နိုင်တဲ့လမ်းကြောင်းက သွားရင် ရောက်ချင်ရောက်မယ် ဒါပေမယ့် အချိန်တွေကြာညောင်းမယ် လူပင်ပန်းမယ် စိတ်ပင်ပန်းမယ်...ပေးဆပ်မှုတွေများမယ်...ကောင်းကျိုးထက် ဆိုးကျိုးတွေ ပိုများလာမယ်...ဒီတော့ ဆိုးကျိုးနည်းတဲ့ ဖြစ်နိုင်ခြေနည်းလမ်းတွေကို အရင်ဆုံးရွေးချယ်ပြီးမှ လုပ်သင့်တယ်...အဲဒီဖြစ်နိုင်ခြေနည်းလမ်းတွေထဲမှာလည်း ကိုယ့်အတွက်ဆိုးကျိုးတွေလည်းပါနိုင်တယ် ဒါပေမယ့် ကောင်းတာတွေကြည့်ရဖို့အတွက် ဆိုးတာလေးတွေလည်း နည်းနည်းတော့ ခံရမှာပဲ...သူက အောင်မြင်မှုပန်းတိုင်မရောက်ခင်မှာ ချောမွေ့စွာနဲ့ရောက်ဖို့မရှိတဲ့အတွက် ဆိုးကျိုးနည်းနည်းနဲ့ မိမိအတွက်ပေါ့ပါးစေမယ့် အချက်တွေကြောင့် ဒီ posssible နည်းလမ်းတွေက သင့်တော်တယ်...Possible နည်းလမ်းတွေက ကြမ်းတမ်းမှုနည်းတယ် ပေးဆပ်ရမှုလည်းနည်းတယ်...ဒီတော့ သူက အချိန်တိုအတွင်းနဲ့ အောင်မြင်မှု ရလဒ်တစ်ခုကို ဆုပ်ကိုင်နိုင်လိမ့်မယ်...Impossible နည်းလမ်းတွေနဲ့ ချဉ်းကပ်ရင် ပေးဆပ်မှုများမယ် ကြမ်းတမ်းမယ် လိုချင်တဲ့ ရလဒ်ကို အချိန်တိုတွင်းနဲ့မရနိုင်ဘူး....သူက မသေချာရဘူး ရလဒ်တစ်ခုရရင်တောင်မှ တိကျတဲ့ရလဒ်ထွက်လာမှာမဟုတ်ဘူး...အနီးစပ်ဆုံးပဲဖြစ်လာမယ်...ဒီတော့ ဘယ်အရာပဲလုပ်လုပ် Possible and Impossible နှစ်ခုကို အရင်ဆုံးစဉ်းစားပြီး ဖြစ်နိုင်တာတွေ ရည်မှန်းချက်ကို အချိန်တိုတွင်းနဲ့ ရောက်အောင်ရွေးချယ်သင့်တယ်...အဲဒီဖြစ်နိုင်ချေနည်းလမ်းတွေက ကိုယ့်အတွက်လိုချင်သလောက်မရနိုင်လို့ စိတ်တိုင်းကျဖြစ်လာမှာမဟုတ်လို့ဆိုပြီး Impossible နည်းလမ်းကိုရွေးရင် တကယ်စိတ်တိုင်းကျဖြစ်မလာပဲ အပေါ်ကပြောသလိုပဲ ပေးဆပ်မှုတွေများပြီး အချိန်လည်းကုန်တယ် ဖြစ်လာရင်လည်း အနီးစပ်ဆုံးရလဒ်တစ်ခုလောက်ပဲဖြစ်လာမယ်...ဒီတော့ Possible and Impossibleနှစ်ခုကို ဘယ်ဟာကို ပိုပြီးရွေးချယ်လုပ်ဆောင်သင့်သလဲ.....။

အပြည့်အစုံသို့...

День Победы (Victory Day)

ရုရှားနိုင်ငံရဲ့ ၆၅ နှစ်မြောက် Victory Day (9-05-2010)မှာ အမှတ်တရ ရိုက်ခဲ့တဲ့ ပုံလေးတွေပါ...

















အပြည့်အစုံသို့...

၆၅ နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်း


၆၅ နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြု ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်...







ကြည့်ရှုချင်သူများအတွက်....
1) click here(1)
2) click here(2)

အပြည့်အစုံသို့...

မြန်မာအခေါ်ခံရဖို့ မထိုက်တဲ့သူတွေ

(ဆရာလူထုစိန်ဝင်း ဆောင်းပါးတော်တော်များများကို နှစ်သက်မိတယ်...အခုဆောင်းပါးလေးကိုလည်း ကြိုက်နှစ်သက်လို့ Weekly Eleven မှ ပြန်လည်ဖော်ပြသည်...ကိုယ့်ရဲ့ပညာနဲ့ မြန်မာနိုင်ငံနဲ့မတန်ဘူးဆိုတဲ့သူမျိုးတွေ ဘ၀မြင့်နေတဲ့သူတွေအတွက် ဒီဆောင်းပါးကို ဖတ်သင့်တယ်...ဘယ်လိုပဲဖြစ်ဖြစ် မြန်မာဟာ မြန်မာပါပဲ...)

ဖေဖော်ဝါရီ ၂၃ ရက်နေ့က ကျောင်းသူဟောင်း သုံးယောက် ရောက်လာတယ်။ တစ်ယောက်က တိုကျိုက၊ တစ်ယောက်က တိုင်ပေ က၊ နောက်တစ်ယောက်ကတော့ တိုင်ပေမှာ လေး၊ ငါး၊ ခြောက်နှစ် သွားနေပြီးမှ ရန်ကုန်ပြန်လာနေသူ ဖြစ်တယ်။ တိုင်ပေကတစ်ယောက် ကတော့ တရုတ်နှစ်သစ်ကူးအချိန် ရောက်တိုင်း ပြန်လာနေကျဖြစ်ပေမယ့် ဂျပန်ကတစ်ယောက်ကတော့ ထွက်သွားပြီးကတည်းက အခုမှပထမဆုံး အကြိမ်ပြန်တွေ့ရတာ ဖြစ်တယ်။


ဗမာစကားပီသတဲ့လူတွေ


သုံးယောက်သားချိန်းပြီး အတူရောက်လာကြတာဆိုတော့ စကား တွေပြောလို့ မကုန်အောင်ဖြစ်နေကြ တယ်။ အဲဒီလိုစကားပြောကြရင်းက တစ်ခုသတိထားလိုက်မိတယ်။ ဂျပန် ကလာတဲ့ တပည့်မက ဗမာစကားကို ဘာသံမှမ၀ဲဘဲ ပီပီသသကြီးပြောနေတဲ့အချက် ဖြစ်တယ်။ အခုတလော ရေဒီယိုကနေကြားကြားနေရတဲ့ ဂျပန်ရောက်ဗမာတွေရဲ့စကားပြောသံတွေ ဟာ ဂျပန်သံဝဲ၀ဲ နေကြတာတွေ့ရတယ်။ စကားပြောရင်းနောက်ဆုံး စကားလုံးကျရင် အသံကိုသံရှည်ဆွဲ သွားပြီးမှ ရုတ်တရက် ရပ်ပစ်လိုက်ကြတယ်။ ဂျပန်စကားပြောနေကျမို့ နေမှာပဲလို့မှတ်ထင်နေတယ်။ ဟောအခု တစ်ယောက်ကတော့ ဘာသံမှမ၀ဲဘဲ ဗမာစကားကို ဗမာလိုပဲပီပီသသကြီး ကိုပြောနေလိုက်တာ အံ့သြတောင် သွားရတယ်။ တကယ်တော့ သူက ဗမာတောင်မဟုတ်ပါဘူး။ လားရှိုး ဇာတိ မြန်မာပြည်ပေါက် တရုတ်မလေးပါ။ စက်မှုတက္ကသိုလ်က ဗိသု ကာဘွဲ့ရပြီး ၁၉၈၈ ခုနှစ် မတိုင်မီက တည်းက ဂျပန်ကို ထွက်သွားတာဖြစ် ပါတယ်။ အခုရောက်လာတဲ့ သုံးယောက်စလုံး တရုတ်မလေးတွေပါ။ တိုင်ပေမှာနေသူကလည်း ဟိုမှာ နှစ်ပေါင်းနှစ်ဆယ်ကျော်ပါပြီ။ ဘာသံမှ မ၀ဲပါဘူး။

ဗမာစကားမပီသတဲ့ဗမာတွေ


အသံမ၀ဲရုံတင်မဟုတ်ဘူး။ သူ က မြန်မာပြည်ကိုလည်း ချစ်ပါ တယ်။ နှစ်ကူးချိန်ရောက်တိုင်း တစ်နှစ်တစ်ခေါက် ရောက်အောင်ပြန်ပါ တယ်။ ရောက်တာနဲ့သူ့ဇာတိ ဇီးကုန်း ကိုပြန်ပြီး ငယ်စဉ်က ဆရာသမား တွေကိုလိုက်လံ တွေ့ဆုံပြီးကန်တော့ ပါတယ်။ ဘုန်းကြီးကျောင်းတွေ ဘာတွေကိုလည်း လှူဒါန်းမှုတွေ လုပ်ပါတယ်။ သူက တိုင်ပေကအဆင့်မြင့် နိုင်ငံတကာဟိုတယ်ကြီးတစ်ခုမှာ မန်နေဂျာအဆင့် ရာထူးရထားပါတယ်။ ဒါပေမဲ့ သူများတကာတွေလို မိဘဆွေမျိုးတွေပါခေါ်ပြီး ဟိုမှာမနေပါ ဘူး။ တစ်ယောက်တည်းပဲ နေပါတယ်။ သူတို့တစ်တွေလို နှစ်ပေါင်းနှစ်ဆယ်၊ အစိတ်နိုင်ငံခြားသွားနေတဲ့ မြန်မာပြည်ပေါက် တရုတ်မလေးတွေက ဗမာ စကားပီပီသသပြောပြီး မြန်မာပြည် ကို ချစ်နေကြပေမယ့် လွန်ခဲ့တဲ့လေး ငါးနှစ်ကမှ နိုင်ငံခြားရောက်သွားတဲ့ ဗမာစစ်စစ်တွေက ဗမာစကားကိုနိုင်ငံခြားသံဝဲပြီး ပြောနေကြတာကိုတော့ ဘယ်လိုမှနားမလည်နိုင်တာ အမှန်ပါပဲ။


မြန်မာပြည်နဲ့မတန်ဘူးတဲ့


တချို့များ ဗမာစကားကို နိုင်ငံခြားသံဝဲပြီး ပြောရုံတောင်မကပါဘူး။ သူတို့တတ်ထားတဲ့ ပညာတွေဟာ မြန်မာပြည်နဲ့ မတန်အောင် မြင့်နေတဲ့ အတွက် ပြန်လာလည်းအချည်းနှီးပဲ လို့တောင်ပြောတတ်ကြသေးတယ်။ တတ်ထားတဲ့ပညာနဲ့ လူသားတွေကို အကျိုးပြုနေဖို့ပဲလိုတယ်။ ဘယ်နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးမထားသင့်ဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဂလိုဘယ် အ မြင်ရှိဖို့ လိုတယ်။ ဟိုနိုင်ငံသား၊ ဒီနိုင်ငံသားဆိုတဲ့ သတ်မှတ်ချက်တွေဟာ ခေတ်နဲ့ မညီတော့ဘူး။ လူသားအားလုံးဟာ ကမ္ဘာသူ၊ ကမ္ဘာသားတွေပဲ လို့ ကြည့်တတ်မြင်တတ်ရမယ်လို့လည်း ပြောလေ့ရှိကြတယ်။ အရှက် မရှိလို့ မျက်နှာပြောင်တိုက်ပြီးပြောနေ ကြတာပါ။ ကိုယ့်ရပ်ကိုယ့်ရွာကကိုယ့် ဆွေမျိုးအသိုင်းအ၀ိုင်းကိုတောင် အကျိုးပြုချင်တဲ့ စေတနာမရှိတဲ့သူမျိုးက ကမ္ဘာ့ လူသားတွေကို အကျိုးပြုမယ်လို့ ပြောနေတာကိုဘယ်သူက ယုံမှာလဲ။


သူများတွေပါ အမြီးပြတ်စေချင်လို့


လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ချင်း ကိုယ်နေချင်ရာနေ၊ ကိုယ်လုပ်ချင်တာလုပ်၊ ကိုယ့်အပူမဟုတ်လို့ ဘာမှပြောစရာမရှိပါဘူး။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် အမြီးပြတ်တာကို ဆိတ်ဆိတ်မနေဘဲ သူများတွေပါ အမြီးလိုက်ဖြတ်ဖို့ တောင်ပြောမြောက်ပြော လျောက်ပြောနေတာတွေတော့ သည်း မခံနိုင်ဘူး။ ဒါပေမဲ့ တော်ပါသေးတယ်။ အဲဒီလို အမြီးပြတ်တွေက လက်တစ်ဆုပ်စာလောက်သာရှိလို့။ နိုင်ငံခြားရောက် မြန်မာလူငယ်တွေ အများစုကတော့ သူတို့လိုမဟုတ်ကြ ဘူး။ ကြိုးစားပမ်းစားအလုပ်တွေ လုပ်ပြီး မိဘတွေကိုကျေးဇူးဆပ်နေ ကြရှာတာပါ။ တချို့များ အလုပ်နှစ် မျိုးပြောင်းပြီး တစ်နေ့ကို ၁၆ နာရီ လောက်အထိကို လုပ်ကြရရှာတာ။ တချို့ကျတော့လည်း အလုပ်တစ်ဖက်လုပ်ရင်းနဲ့ ကျောင်းတက်ပညာ သင်လိုက်ကြသေးတယ်။ ဒီကြားထဲ ကတောင် မိဘတွေဆီလစဉ်မပျက်မကွက် လှမ်းပြီးကန်တော့နေကြတာ ချီးကျူးစရာကောင်းလှတယ်။


တွံတေးသိန်းတန်ကြိုက်ကြလွန်းလို့


အနှစ်နှစ်ဆယ်၊ အစိတ် နိုင်ငံခြားသွားမယ့်သူတွေကို အင်္ဂလိပ် စကားပြောသင်တဲ့ ဆရာလုပ်ခဲ့တာဆို တော့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ကျောင်းသူကျောင်းသားတွေထောင် နဲ့ချီပြီးရှိနေကြပါတယ်။ မြန်မာပြည် ဟာ သူတို့ပညာနဲ့မထိုက်တန်သေးလို့ ပြန်မလာဘူးလို့ ပြောတဲ့သူ ကိုယ့်ကျောင်းသူကျောင်းသားထဲက လေး ငါးယောက်ထက်မပိုပါဘူး။ အများစုက မြန်မာပြည်ကို လွမ်းတသသနဲ့ နေနေကြတာချည်းပါ။ တွံတေးသိန်းတန်နဲ့ ဟင်္သာတထွန်းရင် သီချင်းခွေတွေဆို ကိုယ်ကသာနားမထောင်တာ တပည့်တွေမှာလို့ ခဏခဏ၀ယ်ပို့နေ ရတယ်။ တချို့များ ကြံကြံဖန်ဖန် ကျောက်ငရုတ်ဆုံနဲ့ လဲမှို့ခေါင်းအုံး တောင်မှာလို့ပို့ရတယ်။ အမေရိကန် မှာ မွေးပြီး ဟိုမှာပဲကြီးတဲ့ တစ်ဦးတည်းသော မြေးယောက်ျားလေးက တောင်မြန်မာပြည်ကအချဉ်ထုပ်တွေ နဲ့ လက်ဖက်သုပ်ကိုသိပ်ကြိုက်တာ။ ''များများနဲ့မြန်မြန်ပို့ပါဖိုးဖိုး'' လို့ဖုန်း ဆက်တိုင်းပြောလေ့ရှိပါတယ်။


သူတို့ပြန်လာကြမှာပါ


အဖေဗမာ၊ အမေဗမာဆိုတော့ မြေးကလေးရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးတွေက ဗမာ့သွေးတွေချည်း မဟုတ်လား။ ဇာတိသွေးဆိုတာ ပျောက်ခဲပါတယ်။ ဗမာသွေးမနှော တဲ့ တပည့်မလေးတွေတောင် မြန်မာ့ မြေမှာမွေး၊ မြန်မာ့လေကိုရှူ၊ မြန်မာ့ ရေကိုသောက်ပြီး မြန်မာ့ဆန်ကိုစားခဲ့ ကြတာ ဖြစ်လေတော့ မြန်မာပြည်ကိုပဲ လွမ်းတသသဖြစ်နေကြတာပါ။ အခွင့်သာတိုင်း မြန်မာပြည်ကိုပြန်လာ ကြပါတယ်။ ကိုယ့်နိုင်ငံအပြင်ထွက် ပြီး နိုင်ငံစုံရောက်ဖူးလေလေ မြန်မာ ပြည်လောက်နေချင်စရာကောင်းတဲ့ ပျော်စရာကောင်းတဲ့နိုင်ငံမရှိဘူးဆိုတာ သိလေလေဖြစ်တာကြောင့် တစ်နေ့မှာ သူတို့ပြန်လာကြမှာပါ။ မြန်မာပြည်ဟာ သူတို့ပညာနဲ့ မထိုက်တန်သေးဘူးဆိုတဲ့ လူတွေကိုလည်းစကား တစ်ခွန်းပြောချင်ပါတယ်။ သူတို့ရဲ့ စိတ်ဓာတ်မျိုးတွေဟာ မြန်မာလူမျိုး ဖြစ်ဖို့ထိုက်တန်တဲ့ အဆင့်မဟုတ်ဘူး ဆိုတာပဲဖြစ်ပါတယ်။


အနတ္တကို ဦးထိပ်ထား


မြန်မာလူမျိုးဖြစ်ဖို့ဆိုတာ လွယ်တယ်ထင်သလား။ ဗြဟ္မစိုရ်တရားနဲ့ ဟီရိသြတပ္ပတရားတွေကို နားလည် သဘောပေါက်ပြီး လိုက်နာကျင့်သုံး မှ မြန်မာလူမျိုးစစ်တာ။ နိုင်ငံခြားမှာ ဘယ်လောက်အကြာကြီးနေနေ ဒီတရားတွေကို လိုက်နာကျင့်ကြံနေသရွေ့မြန်မာလူမျိုးလို့ ခေါ်နိုင်တယ်။ ဒီ တရားတွေကို လုံးဝပစ်ပယ်ပြီး 'ဘယ်သူသေသေငတေမာပြီးရော' ဆိုတဲ့ စိတ်ဓာတ်မျိုးထားသူဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာနေလည်း မြန်မာလူ မျိုးလို့ အခေါ်ခံရဖို့ မထိုက်တန်ပါဘူး။ မြန်မာစိတ်၊ မြန်မာစရိုက်ရဲ့ အနှစ် သာရက 'အတ္တ' ကိုပယ်ခွာခြင်းဖြစ်တယ်။ ဗုဒ္ဓဆုံးမခဲ့တဲ့ 'အနတ္တ' တရား ကိုဦးထိပ်ထားကြတယ်။ ''ဘယ်သူ သေသေ ငတေမာပြီးရော'' စိတ်က 'အတ္တ' လွန်ကဲမှုဖြစ်တယ်။ လူအများ ဘာဖြစ်ဖြစ် 'ငါ' ကောင်းစားဖို့သာ အဓိကဆိုတဲ့စိတ်ဖြစ်တယ်။ ဒီလူမျိုး တွေက မျောက်ပြဆန်တောင်းလုပ်တာမျိုးကိုလည်း ရှက်ရကောင်းမှန်း မသိဘူး၊ကြောက်ရကောင်းမှန်းလည်း မသိဘူး။ မေတ္တာ၊ကရုဏာ၊ စေတနာ ဆိုတာတွေလည်းနားမလည်ပါဘူး။ ဒီလူမျိုးတွေဟာ မြန်မာလို့အခေါ် ခံရဖို့ မထိုက်တန်သူတွေပါ။

အပြည့်အစုံသို့...

Subscribe to: Posts (Atom)